နေပြည်တော် အောက်တိုဘာ ၁၀
နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် ဦးဟန်သူ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ချမှတ်ထားသည့် Quick Win အစီအမံ (၅) ရပ်ကို စဉ်ဆက်မပြတ်အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်ပွားသည့် ယာဉ်တိုက်ခိုက်မှုများကို လျှော့ချသွားနိုင်မည်ဆိုပါက နေပြည်တော်၏ ယာဉ်တိုက်ခိုက်မှု ကိန်းဂဏန်းများ တဖြည်းဖြည်းကျဆင်းသွားမှာဖြစ်ကြောင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့များက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ပညာပေးခြင်း၊ စစ်ဆေးခြင်း၊ အရေးယူခြင်းတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ပြည့်စုံမှန်ကန်ရေးသည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် အလွန်အရေးပါသည့် လိုအပ်ချက်တစ်ရပ်ဖြစ်သည့်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လမ်းညွှန်း၊ လမ်းအမှတ်အသားများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တင်ပြချက်များနှင့် ပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)