မိုင်းယန်းမြို့၌ (Old Star)ဘောလုံးဖလား ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုင်းယန်း အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရွက်ပုန်းသီးမျိုးဆက် သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ၂၀၂၄ ခုနှစ်၊ (Old Star)ဘောလုံးဖလား ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ဟောကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိုင်းလှိုင်ခမ်းမှ အဖွင့်အမှာစကားနှင့် ယှဉ်ပြိုင်ကစားကြရာတွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း ပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူလေးများမှ အကပဒေသာများဖြင့်ကပြဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ထို့နောက် မိုင်းယန်းခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးလင်းသန့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ပါဝင်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ (Old Star )ဘောလုံးဖလား အမျိုးသားဘောလုံးပြိုင်ပွဲတွင် မိုင်းခတ်မြို့နယ် ( Old Star)ဘောလုံးအသင်းနှင့် မိုင်းယန်းမြို့နယ်(Old Star)ဘောလုံးအသင်းတို့ မီနစ်အနည်ငယ် ချစ်ကြည်ရေး စတင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဝိန်းလိတ်ရပ်ကွက်အသင်းနှင့် ကျော်ကြီးအသင်းတို့ ဖွင့်ပွဲနေ့ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲအပါအဝင် မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ပျော်ပွဲ၊ ရွှင်ပွဲများနှင့် အားစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အခမ်းအနားနှင့် ပြိုင်ပွဲများ ကျင်းပရေးဦးစီးကော်မတီမှ သိရသည်။

ထွန်းထွန်းထူး