ထန်းတပင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု တာဝန်ရှိသူများ ကြည့်ရှုအားပေး

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ သန်းခေါင်စာရင်းကောက်ကွက်များအလိုက် ကောက်ယူလျက်ရှိပြီး အောက်တိုဘာလ(၁၀)ရက်နေ့က လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား မှော်ဘီခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် မှော်ဘီခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်သန်းခေါင် စာရင်းကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးခင်ဆွေတို့က မြို့နယ်အဆင့် ကြီးကြပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများပူးပေါင်းအဖွဲ့တို့က သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး သတ်မှတ်ရက်အတွင်း မထပ်မကျန်ပြီးစီးရေးကို ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ထန်းတပင်မြို့နယ်အတွင်း စာရင်းစစ်(၃၃)ဦးနှင့် စာရင်းကောက် (၁၂၆)ဦး၊ စာရင်းကောက်အဖွဲ့ပေါင်း (၃၀)တို့က ကောက်ကွက်ပေါင်း (၃၉၄) ကွက်တို့တွင် CAPI စနစ်အသုံးပြု၍ Mobile Tablet များဖြင့် ကောက်ယူလျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)