တွံတေး အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော်စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂)လရာသီပွဲတော်များအနက် ၁၃၈၆-ခုနှစ်၊ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အောက်တိုဘာ (၁၇)ရက်နေ့ မွန်းတည့် ၁၂ နာရီ၌ အဆိုပါစေတီတော်မြတ်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သီတင်းကျွတ်လ ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် ဓမ္မာပူဇာအဖြစ် အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဗုဒ္ဓပူဇာအဖြစ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ လုပ်သားပြည်သူများမှ စေတီတော်၏ အာရုံခံတန်ဆောင်းများအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား သတ်မှတ်နေရာအလိုက် ဆွမ်းတော်ကြီးများ ဆက်ကပ်လှူဒါန်းခြင်း၊ မြို့နယ်သံဃာနာယကအဖွဲ့(သုဓမ္မာ/ရွှေကျင်)မှဆရာတော်ကြီးများကြီးမှူး၍ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း (၇၅)ကျောင်းမှ သံဃာတော်အရှင်သူမြတ်များအား ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ မြို့သူ၊ မြို့သားများ၊ အလှူရှင်များက စေတီတော်အောက်ခြေ၊ ခြေတော်ရင်းပတ်လမ်းတစ်လျှောက် ဆွမ်းဆန်တော်လောင်းလှူခြင်းတို့ဖြင့် လောကီ၊ လောကုတ္တရာ နှစ်ဖြာသောကုသိုလ်များရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သီတင်းကျွတ်လဆန်း (၁၄)ရက် အဖိတ်နေ့ အောက်တိုဘာ (၁၆) ရက်နေ့ ည(၇)နာရီအချိန်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အသင်းများက စုပေါင်း ဆီမီး/ပန်း၊ ရေချမ်းများ ပူဇော်ကြမည်ဖြစ်သည်။ အဘိဓမ္မာအခါတော်နေ့ နံနက် ၉ နာရီအချိန်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးထံမှ သီလခံယူပွဲနှင့် ဝါတွင်းကာလတစ်လျှောက်ပြုခဲ့သည့် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာဟုဆိုအပ်သော ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချမည်ဖြစ်ကြောင်း သိရသည်။
တွံတေးမြို့ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီသီတင်းကျွတ်လ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို သီတင်းကျွတ်လဆန်း (၁၀)ရက်နေ့ (အောက်တိုဘာ ၁၂ ရက်)မှ သီတင်းကျွတ်လပြည်ကျော် ၂ ရက်(အောက်တိုဘာ (၁၉) ရက်နေ့အထိ (၈)ရက်ကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ လာရောက်ဖူးမျှော်နိုင်ကြောင်း ရွှေဆံတော်စေတီ ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌထံမှ သိရှိရသည်။
တွံတေးသား