တောင်ကြီး အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် တာဝန်ရှိ သူများသည် ယမန်နေ့နံနက် ၁၁ နာရီက ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးနေမှု၊ အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ဝက်စာမေးပွဲဖြေဆိုနေမှုနှင့် မိုးလုံလေလုံ အားကစားခန်းမဆောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှုခံယူနေသည့်ပြည်သူများကို အားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်သည်။ ထို့နောက် ဆေးရုံအုပ် ဒေါက်တာလှထူးခိုင်က ဆေးရုံအတွင်း ရေဝင်ရောက်နစ်မြုပ်ခဲ့မှုအခြေ အနေ၊ ဆေးရုံဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ အင်းပေါခုံ အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိ၍ ကျောင်းသား၊ ကျောင်သူများ ပထမနှစ်ဝက် Grade –12 စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး၊ ဇော်နိုင်ထူး (ZNH) ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသည့် အလျား (၁၂၀’) × အနံ (၉၀’) ပေ မိုးလုံလေလုံအားကစားခန်းမ ဆောက်လုပ်နေမှုအားကြည့်ရှုစစ်ဆေးစဉ် တာဝန်ခံအင်ဂျင်နီယာ ဦးလှမျိုးသိန်းက အားကစားခန်းမ တည်ဆောက်နေမှုအားရှင်းလင်းတင်ပြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လုပ်ငန်းများအရည်အသွေး ပြည့်မီကောင်းမွန်မှုရှိစေရေး၊ သတ်မှတ်ကာလပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကျော်ဇင်(တောင်ကြီး)