တွံတေး အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ မငေးအလယ်ကျေးရွာအုပ်စု၊ ကွန်တာကျေးရွာတွင် ဝါလကင်းလွတ်သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ဗုဒ္ဓဘာသာဝင်ပြည်သူများသည် တာဝတိံသာနတ်ပြည်၌ မယ်တော်သန္တုသိတနတ်သားအား အမှူးထား၍ အဘိဓမ္မာဒေသနာတော် ဟောကြားတော်မူပြီး တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီလာသော မြတ်စွာဘုရားရှင်အား ရည်မှန်း၍ (၈)ကြိမ်မြောက် တာဝတိံသာမြတ်စွာဘုရား ပူဇော်ပွဲတော်နှင့် နိဗ္ဗာန်စျေးပွဲတော်ကို ရွှေကွန်တာဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော် သာသနာ့ဓဇ ဓမ္မစရိယ ဘဒ္ဒန္တ ဝိသုဒ္ဓကဦးဆောင်၍ အစဥ်အလာမပြက် အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့) နေ့ထူးနေ့မြတ်အခါသမယတွင် ညနေ့ (၅) နာရီအချိန်၌ ရွှေကွန်တာဓမ္မရိပ်သာကျောင်းတိုက်ကြီး၌ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေကွန်တာဓမ္မရိပ်သာကျောင်းတိုက်ကြီး၌ မြန်မာတစ်နိုင်ငံလုံးတွင် တတိယမြောက်ဖြစ်သော တာဝတိံသာမြတ်စွာဘုရားပူဇော်ပွဲတော်ကြီးကို နှစ်စဥ်သီတင်းကျွတ်လပြည့်နေ့ ညနေ ၅ နာရီမှစတင်ကာ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ထွန်းညှိပူဇော်ခြင်းနှင့် ကျေးရွာအတွင်းရှိ ပြည်သူများက စတုဒီသာ နိဗ္ဗာန်စျေးပွဲတော်ကြီးကို စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ပူဇော်ကုသိုလ်ယူနိုင်ကြောင်း သိရသည်။
တွံတေးသား