မုဒုံ အောက်တိုဘာ ၁၀
မွန်ပြည်နယ်၊ မုဒုံမြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်း မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ သံဃာဆောင်၌ ပြုလုပ်သည်။
ဦးစွာ မုဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးနိုင်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းအစီအစဥ်များ၊ ကမာဝက်မြို့တွင် ရောဂါဖြစ်ပွားသူ၏ ကိုယ်ရေးရာဇာဝင်အကြောင်းအရာများ၊ ယခုလအတွင်း ပြည်နယ်အတွင်းရှိ မြို့နယ် (၃) မြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး တစ်ကြိမ်တိုက်ကျွေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးတိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်များနှင့် ရောဂါဖြစ်ပွားမှု လျှော့ချနိုင်ရန်အတွက် ဆောင်ရွက်ရမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
အဆိုပါအစည်းအဝေးပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး တုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်းအစီအစဥ်များနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးပြီး ကာကွယ်ဆေးကို ရောဂါဖြစ်ပွားသည့်ပတ်ဝန်းကျင်အနီးရှိ ပြည်သူလူထု (၂၈၅) ဦးကို တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)