မောက်မယ် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများတို့ပူးပေါင်းပြီး ဌာနဆိုင်ရာဝန်ထမ်းများ စကားပြောစွမ်းရည်မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ကျောင်းသားလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်များတွင် အချိန်ကို ကောင်းစွာအသုံးချတတ်စေရန်၊ နှုတ်မှုစွမ်းရည်များဖွံ့ဖြိုးတိုးတက်၍ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်နှင့် ယခုဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းသည်လည်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်အခမ်းအနားများ၊ ပြည်နယ်အဆင့်အခမ်းအနားများ၊ ခရိုင်အဆင့်အခမ်းအနားများ၊ မြို့နယ်အဆင့်အခမ်းအနားများ၊ ပညာရေးဌာနမှကျင်းပသည့် အခမ်းအနားများတွင် အခမ်းအနားမှူးကောင်းတစ်ဦးဖြစ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှသင်ကြားပို့ချပေးမည့် သင်ခန်းစာများကို မှတ်သားလေ့ကျင့်ပြီး ကျောင်း/ဌာနဆိုင်ရာများ၌ ကျင်းပသည့်အခမ်းအနားများတွင် လက်တွေ့ဆောင်ရွက်နိုင်ရန် စာတွေ့၊ လက်တွေ့ လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းကို ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းနှင့် ဒေါ်နန်းလောဝ်နွန်းတို့က သင်ကြားပို့ချပေးမည်ဖြစ်ရာ ဌာနဆိုင်ရာဝန်ထမ်းများ (၁၇)ဦး တက်ရောက်ခဲ့ပြီး ၎င်းသင်တန်းတွင် အခမ်းအနားမှူးကောင်းတစ်ဦးတွင်ရှိရမည့် ဝတ်စားဆင်ယင်မှုများ၊ မြန်မာစာ၊ မြန်မာစကားကို ဌာန်ကရိုဏ်းကျကျ၊ အသံထွက်မှန်မှန်၊ သဒ္ဒါမှန်မှန်၊ အဖြတ်အတောက်မှန်မှန်သုံးစွဲနိုင်ရန်၊ ယဉ်ကျေးစွာပြောဆိုတတ်ရန်၊ အသုံးအနှုန်း လေယူလေသိမ်းမှန်ကန်စေရန်၊ မိုက်ကရိုဖုန်းအသုံးပြုပုံများကို အောက်တိုဘာ (၁၀) ရက်နေ့မှ (၁၁)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ အနုစိတ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)