ရန်ကုန် အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အ.လ.က (၁)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း မြမာလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ကျောင်းသား/သူလေးများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အားလပ်သောအချိန်များတွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် စာအုပ်စာစောင်များဖတ်ရှုကြရန်နှင့် စာဖတ်ခြင်းဖြင့်ရရှိလာနိုင်သော အကျိုးကျေးဇူးများအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/သူလေးများအား စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီးနောက် ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ် စာစောင်များအား ကြည့်ရှုလေ့လာပြီး သုတ/ရသစာအုပ်စာ စောင်များကိုလည်း ငှားရမ်းပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအား အသိဉာဏ်ပညာဗဟုသုတ ပြည့်စုံကြွယ်ဝသော ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရေး၊ ကျောင်းသား/သူလေးများ၏ ကာယ၊ ဉာဏနှင့် တီထွင်ဖန်တီးမှု စွမ်းရည်များ တိုးတက်မြင့်မားလာစေရေးတို့အတွက် ယခုလို ဟောပြောပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်