မောက်မယ် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များဖွံ့ဖြိုးတိုးတက်၍ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် “လူငယ်စကားဝိုင်း”ကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် လူငယ်စကားဝိုင်း စတင်ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းနှင့် ကျောင်းသား/ကျောင်းသူများ (၅)ဦးတို့က ဆောင်ရွက်ကာ “လူငယ်နှင့်အားကစား၊ လူငယ်နဲ့အထက်တန်း စိတ်ဓာတ်၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး” စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို ပြန်လည်၍မေးခွန်းများမေးမြန်းခဲ့ကြရာ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက မေးခွန်းများ၏ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အ.လ.က(ခွဲ)စျေးတန်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ (၄၀) ဦး တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ် သမားပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဓာတ်ပုံနှင့် နံရံကပ်စာစောင်များ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)