ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက်(၂၀)အောက် ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား အောက်တိုဘာ ၁၀

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်အနေဖြင့် အားကစားနည်းပေါင်းစုံ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ဖူဆယ်အားကစားနည်းအတွက် အားကစားသမားများ ထပ်မံဖြည့်စွက် စခန်းသွင်းလေ့ကျင့်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၀)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ ဖူဆယ်အားကစားနည်းသည် အဆင့်အတန်းမနိမ့်ဘဲ ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီး/ပြည်နယ် ပြိုင်ပွဲတွင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း နှစ်သင်းစလုံးသည် ဒုတိယဆုများ ဆွတ်ခူးရရှိပြီး အရည်အချင်းမြင့်မားမှုကို ပြသနိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ လာမည့်အမျိုးသားအားကစားပွဲတော်တွင် အရည်အချင်းပြည့်မီသည့် အားကစားသမားများကို ထပ်မံရွေးချယ်စုစည်းကာ စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အသင်းအသီးသီးမှ အားကစားသမားများအနေဖြင့် မိမိတို့ဝါသနာပါရာ ဖူဆယ်အားကစားနည်းမှတစ်ဆင့် မိမိပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်ရန် အကောင်းဆုံးယှဉ်ပြိုင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖူဆယ်ကလပ်ပေါင်းစုံမှ အားကစားသမားဦးရေ (၂၈၀) ကျော်ပါဝင်သည့် ပြိုင်ပွဲဝင်အသင်းပေါင်း (၂၄) သင်းမှ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ အဖွင့်ပွဲစဉ်အဖြစ် Brother FC အသင်းနှင့် Royal Hight Club FC အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေများ စီမံခန့်ခွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီသုံးစွဲနိုင်ခြင်းမရှိသည့်အတွက် ဖြစ်ပေါ်လာသည့် ပိုလျှံငွေများ၊ နယ်မြေအခြေအနေအရ လုပ်ငန်းဆောင်ရွက်ရန် အခက်အခဲဖြစ်ပေါ်၍ ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းများမှ ပိုလျှံငွေများကို အထွေထွေပိုလျှံရန်ပုံငွေသို့ ဆောလျင်စွာ ပြန်လည်အပ်နှံကြရန်နှင့် ဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် လိုအပ်လာသည့် အသုံးစရိတ်များကို ညွှန်ကြားချက်များနှင့်အညီ တောင်းခံကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်/ ညွှန်ကြားချက်များနှင့်အညီ ပြန်လည်အပ်နှံ တင်ပြတောင်းခံနိုင်ရေး ရှင်းလင်း‌ပြောကြားပြီး ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းနွယ်က ပိုလျှံငွေများဖြစ်ပေါ်မှု၊ ပြန်လည်အပ်နှံသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်အပ်နှံသွားမည့် ရန်ပုံငွေများနှင့် ဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေဆောင်ရွက်သွားရမည့် လုပ်ငန်းစီမံကိန်းများအတွက် အထွေထွေပိုလျှံရန်ပုံငွေမှ တောင်းခံနိုင်ရေး အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြတောင်းခံမှုများနှင့်ပတ်သက်၍ အမိန့်/ ညွှန်ကြားချက်များနှင့်အညီ ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ မွန်းလွဲပိုင်းတွင် အဆိုပါအစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တာဝန်ရှိသူများနှင့် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း လယ်ယာမြေများကို အဓိကအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လယ်ယာမြေများကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားလာမှုများကိုလည်း အကျိုးရှိစွာအသုံးပြုနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေနှင့်အညီ စိစစ်ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က ပြည်နယ်အတွင်း လယ်ယာမြေ အခြားနည်းလျှောက်ထားလာသည့် လုပ်ငန်းစာတွဲ(၉)တွဲ၊ အခြားနည်းအသုံးပြုခွင့်မရရှိမီ ဒဏ်ကြေးတွက်ချက်တင်ပြသည့် လုပ်ငန်းစာတွဲ (၃)တွဲ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးရန်တင်ပြခြင်းနှင့် မြေယာအငြင်းပွားမှုအယူခံအမှုတွဲ (၁)တွဲတို့နှင့် စပ်လျဉ်း၍ တင်ပြမှုများအပေါ် တက်ရောက်လာကြသည့် အဖွဲ့ဝင်များက အကြံပြုဆွေးနွေးခြင်း၊ သုံးသပ်ရှင်းလင်းတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီကလည်း အဆိုပါအစည်းအဝေးခန်းမ၌ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၄) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့အစည်းအဝေးတွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၊ နယ်မြေ (၁၁)ရှိ မြေဧရိယာ (၄ ဒဿမ ၉၉) ဧကပေါ်တွင် KBC Hospital ဆေးရုံဖွင့်လှစ်နိုင်ရန် တင်ပြလာမှုအပေါ် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း အများပြည်သူ၏ ကျန်းမာရေးကိစ္စရပ်များအတွက် အဆင့်မြင့်ဆေးရုံများစွာ လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ လျှောက်ထားတင်ပြလာမှုအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆွေးနွေးဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ကော်မတီအတွင်းရေးမှူး ဒေါ်သိမ့်သိမ့်မိုးနှင့် ကော်မတီအဖွဲ့ဝင်များက ဆေးရုံဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်ကော်မတီသို့ လျှောက်ထားတင်ပြလာမှုအပေါ် လိုအပ်ချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)