နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေး၊ စိုက်ပျိုးရေး၊ သမဝါယမ၊ MSMEs လုပ်ငန်းများ ကဏ္ဍအလိုက် ချေးငွေထုတ်ချေးအခမ်းအနား ကျင်းပ

ရမည်းသင်း အောက်တိုဘာ ၁၀

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရမည်းသင်းမြို့နယ် စီမံကိန်းကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်း မွေးမြူရေး၊ စိုက်ပျိုးရေး၊ သမဝါယမ၊ MSMEs ကဏ္ဍအလိုက် ချေးငွေထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီက  ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရမည်းသင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌မောင်ရွှေသိန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေး၊ စိုက်ပျိုးရေး၊ သမဝါယမအသင်းသားများနှင့် MSME လုပ်ငန်းများ ရင်နှီးမတည်ချေးငွေထုတ်ပေးခြင်းနှင့် ကဏ္ဍအလိုက် တောင်သူများဘဝဖွံ့ဖြိုးတိုးတက်စေရန် ထောက်ပံ့ချေးငွေထုတ်ချေးပေးခြင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းနှင့်နှင့် တာဝန်ရှိသူများက ကျေးရွာများသို မတည်ထုတ်ချေးငွေများနှင့် သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ရမည်းသင်းမြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ကျပ်သိန်း (၂၀၀၀)ကိုလည်းကောင်း၊ MSMEs ကျပ်သိန်း (၅၀၀)ကိုလည်းကောင်း၊ သမဝါယမကဏ္ဍအနေဖြင့် အခြေခံသမဝါယမအသင်း (၁၀) သင်း၊ ကျေးရွာအုပ်စု (၉) အုပ်စုမှ စိုက်ဧက (၁၃၂၁)ရှိ တောင်သူ (၄၅၁) ဦး ကျပ် (၂၆၄၂) သိန်း၊ စုစုပေါင်း ကျပ်သိန်း (၅၁၄၂) နိုင်ငံ့စီးပွားရန်ပုံငွေထုတ်ချေးပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)