ထန်းတပင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁၀

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ သက်ဆိုင်ရာသန်းခေါင်စာရင်းကောက်ကွက်များအလိုက် ကောက်ယူလျက်ရှိပြီး ယမန်နေ့က လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုခြေအနေများကို တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း လူဦးနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် မှော်ဘီခရိုင်သန်းခေါင်စာရင်းကော်မတီဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ငွေတင်၊ မှော်ဘီခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာညွန့်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးခင်ဆွေတို့က ကျူတောကျေးရွာအုပ်စု၊ သံတဇာကျေးရွာကောက်ကွက်၊ လမုတန်းကြီးကျေးရွာအုပ်စု အထက်လမုတန်းကျေးရွာကောက်ကွက်၊ ဝါးတရာကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာကောက်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ကောက်ကွက်တို့တွင် မြို့နယ်အဆင့်ကြီးကြပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့က သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ထန်းတပင်မြို့နယ်အတွင်း စာရင်းစစ် (၃၃)ဦးနှင့် စာရင်းကောက် (၁၂၆) ဦး၊ စာရင်းကောက်အဖွဲ့ပေါင်း (၃၀)တို့က ကောက်ကွက်ပေါင်း (၃၉၄) ကွက်တို့တွင် CAPI စနစ်အသုံးပြု၍ Mobile Tablet များဖြင့် ကောက်ယူခဲ့ရာ အောက်တိုဘာလ (၈) ရက်နေ့အထိ အိမ်ထောင်စု (၃၅၅၅၂) စု၊ ရာခိုင်နှုန်းအနေဖြင့် ခုနှစ်ဆယ်ရာခိုင်နှုန်းအထိ ကောက်ယူပြီးစီးနေပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)