ဒဂုံတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

ဒဂုံအရှေ့ အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြတ်ဆရာသီချင်းဖြင့် ဆီမီးထွန်းညှိပူဇော်၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းနှင့် ဒုတိယပါမောက္ခချုပ်များက ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝလက်ဆောင်များ ပေးအပ်ကန်တော့ခဲ့ကြသည်။

ထို့နောက် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက ဂါရဝပြုကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကန်တော့ခံဆရာကြီးများဖြစ်ကြသော  ဒေါက်တာမြင့်ဆွေ၊ ပါမောက္ခ(ငြိမ်း)နှင့် ဒေါက်တာဝင်းနိုင်၊ ပါမောက္ခ(ငြိမ်း)တို့က ဝမ်းသာပီတိစကားနှင့် ဆုံးမဩဝါဒစကားများ မြွက်ကြားခဲ့သည်။

ယင်းနောက် ဒဂုံတက္ကသိုလ် ဘာသာရပ်ဌာနအသီးသီးမှ ဆရာ၊ ဆရာမများက ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝလက်ဆောင်များဖြင့် ကန်တော့ခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)