ရှမ်းပြည်နယ်ဝန်ကြီးချုပ် မိုင်းရှူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မိုင်းရှူး အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီခွဲအချိန်က ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ဒေသဆိုင်ရာအချက်အလက်များနှင့် အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ ဒေသဆိုင်ရာလိုအပ်ချက်များ တင်ပြကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဒေသခံများတင်ပြချက်အပေါ် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်းတို့က မိုင်းရှူးခရိုင်အတွင်း တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်မှ လက်ခံရယူပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့တို့မှ အသေးစား၊ အငယ်စား၊ အလတ်စား ထုတ်ကုန်ပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ NGO အဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)