ဇေယျာသီရိ အောက်တိုဘာ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲသို့ ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးရဲသူရခင်စိုးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အခမ်အနားတွင် ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက ၂၁ ရာစု ကျွန်ုပ်တို့၏ကမ္ဘာမြေအခြေအနေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့၊ တစ်ခါသုံးပလတ်စတစ်အကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာသည့် ကြွပ်ကြွပ်အိတ်အကြောင်း၊ တစ်ခါသုံးပလတ်စတစ်ရဲ့ ဆိုးကျိုးများ၊ ပလတ်စတစ်အသုံးပြုမှုနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည့် နည်းလမ်း ငါးသွယ်နှင့် သုံးစွဲမှုလျော့ကျသွားအောင် ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက်လာသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Clip ပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားပေးခဲ့သည်။
ယင်းနောက် ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်က ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာအုပ်များ လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)