မိတ္ထီလာ အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မိုးနှောင်း ချည်မျှင်ရှည်ဝါစိုက်ဧက ၇၉၈၆ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားရာမှ မိုးနှောင်းချည်မျှင်ရှည် ဝါစိုက်ဧက ၅၁၇၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီပြီး အထွက်နှုန်းတိုးတက်လာစေရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း၌ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ဧက ၇၉၈၆ စိုက်ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားပြီး ဇူလိုင်လမှ စတင်၍ စိုက်ပျိုးလျက်ရှိသည်။ ထိုသို့စိုက်ပျိုးလျက်ရှိရာ မိတ္ထီလာမြို့နယ်အတွင်း မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ဧက ၅၁၇၈ ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီသည့် ရွှေတောင်-၈၊ ရွှေတောင်-၁၀ နှင့် B-31 ဝါမျိုးများကို စိုက်ပျိုးထားရှိကြောင်း သိရသည်။
အဆိုပါ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ဧကများအနက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ အင်းကျေးရွာအုပ်စုနှင့် ရေချိုကျေးရွာအုပ်စုတို့တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ (B-31) စိုက်ဧက ၁၀၀ ကို စိုက်ပျိုးထားရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)