မုဒုံ အောက်တိုဘာ ၉
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယမန်နေ့က ကျိုက်ဇယ်ဓမ္မာရုံဆေးတိုက်စုရပ်၌ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးရရှိထားသူများသည် ကာကွယ်ရန်သာမက ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ခြင်းဖြင့် ပြည်သူလူထုအတွင်း ရောဂါဖြစ်ပွားမှုကို လျော့ပါးစေရန်၊ ကာကွယ်ဆေးတိုက်ကျွေးခြင်း လွှမ်းခြုံမှုရာခိုင်နှုန်း (၉၀)ကျော်ရရှိပါက လူထုအကြား ရောဂါခုခံကာကွယ် နိုင်စွမ်း မြင့်တက်လာပြီး ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် အသက် (၁)နှစ်အထက် ကလေး၊လူကြီးများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး(OCV)ကို တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်/မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက မြို့နေပြည်သူလူထု (၅၀)ဦးအား ရောဂါ ကာကွယ်ဆေးတိုက်ကျွေးခဲ့ပြီး လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)