မန္တလေး အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက (၉)ရက်မြောက်နေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်များသို့ ကွင်းဆင်း၍ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့်အိမ်အကြောင်းအရာအချက်အလက်များပါဝင်သည့် အချက်အလက် (၆၈)ချက်ကို မေးမြန်းကောက်ယူလျက်ရှိရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက်(၁၈) ရပ်ကွက်ရှိ ကောက်ကွက်ပေါင်း(၃၇၇)ကွက်၌ စာရင်းစစ် (၃၃)ဦး၊ စာရင်းကောက် (၁၂၃) ဦးက အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို Mobile Tablet များ အသုံးပြု၍ တစ်အိမ်တက်ဆင်း စနစ်ဖြင့် စနစ်တကျကောက်ယူလျက်ရှိရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း