ပေါင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူ

ပေါင် အောက်တိုဘာ ၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်ကောက်ယူလျက်ရှိသည်။

ထိုသို့ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်းအိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့်အိမ်အကြောင်းအရာအချက်အလက် (၆၈)ချက်အား မေးမြန်းကာ CAPI နည်းပညာဖြင့် Tablet အသုံးပြုကောက်ယူခြင်းဖြစ်ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ပေါင်မြို့နယ်တွင် ရပ်ကွက်ပေါင်း(၈)ရပ်ကွက်နှင့် ကျေးရွာပေါင်း(၅၀)ရွာရှိပြီး စာရင်းကောက်ကွက်(၄၂၆)ကွက်၊ စာရင်းကောက်အဖွဲ့ဝင်ပေါင်း (၁၅၂)ဦးဖြင့် ကောက်ယူလျက်ရှိကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)