ချောင်းဆုံ အောက်တိုဘာ ၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ တောင်သူများ မျိုးကောင်းမျိုးသန့်စပါးများ အသုံးပြုစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိရာ ယနေ့နံနက်ပိုင်းက ပလိုင်ဝမ်းကွင်း အမှတ်(၆၁၃)ရှိ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုများအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (ဆင်းသုခ) မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက (၂)ဧက စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် အောင်မြင်ဖြန်ထွန်းနေမှုများအား ကြည့်ရှုခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သီးနှံများ အောင်မြင်အထွက်တိုးကာ လျာထားချက်ပြည့်မီကျော်လွန်ရေးအတွက် တောင်သူများလိုအပ်သည့် သွင်းအားစုများကို ပံ့ပိုးကူညီဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ချောင်းဆုံမြို့နယ်အတွင်း ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ဧက (၆၅၂၄၂)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး မိုးစပါး (၆၅၃၀၉) ဧက စိုက်ပျိုးနိုင်ခဲ့၍ လျာထားချက်ကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများမှရရှိမည့် မျိုးစပါးများကို တောင်သူများအား ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး လာမည့် စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ (၄၀၅၄) ဧကနှင့် နွေစပါး (၁၂၄) ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)