မြစ်သား အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်းများ ကောက်ယူလျက်ရှိရာ အောက်တိုဘာလ (၈)ရက်နေ့အထိ ရပ်ကွက် (၇) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၅)အုပ်စု၌ သန်းခေါင်စာရင်းများ ကောက်ယူပြီးဖြစ်ကြောင်း သိရသည်။
လူဦးရေနှင့်အိမ်အကြောင်းအရာသန်း ခေါင်စာရင်းများ ကောက်ယူရာတွင် အခက်အခဲမရှိစေရေး မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်း၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဖြည့်ဆည်းပေးလျက်ရှိပြီး မြစ်သားမြို့နယ်တွင် ရပ်ကွက်အုပ်စု(၁၁)အုပ်စု၊ ကျေးရွာအုပ်စု (၈၁) အုပ်စု၊ စုစုပေါင်း(၉၂)အုပ်စုရှိရာ စာရင်းကောက်ကွက်ပေါင်း (၅၉၂)ကွက်ရှိပြီး လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှစတင်၍ အောက်တို့ဘာ(၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်ရန်အတွက် အရေးကြီးသည့် လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာအချက်အလက်များရနိုင်ရန်တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ကြောင်း၊ အမျိုးသားရေးတာဝန်အဖြစ်အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံ၏လူမှုရေး၊စီပွားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် ခိုင်လုံသောအခြေခံစာရင်းအင်းကိန်း ဂဏန်းများရရှိစေခြင်း၊ နောင်လာမည့်နှစ်များအတွက် စီမံကိန်းများရေးဆွဲရာတွင် ပိုမိုတိကျခိုင်လုံသော လူဦးရေများတွက်ချက်ပေးနိုင်ခြင်း၊ မြို့ပြနှင့် ကျေးလက်နေထိုင်သည့်လူဦးရေစာရင်းများ သိရှိနိုင်ခြင်း၊ လူဦးရေသိပ်သည်းမှု၊ ပျံ့နှံ့နေမှု အခြေအနေများသိရှိနိုင်ခြင်း၊ စာတတ်မြောက်မှု၊ တွက်ချက်မှု၊ ပညာသင်ကြားမှုများ၊ ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်းများ သိရှိနိုင်စေရန်အတွက်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)