လယ်ဝေးမြို့နယ်တွင် ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့သည့် သီးနှံစိုက်ဧကများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စပါးမျိုးစေ့များထောက်ပံ့ပေးအပ်

လယ်ဝေး အောက်တိုဘာ ၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီး သီးနှံစိုက်ဧကများအား အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက အင်ပင်ကျေးရွာအုပ်စု၊ ညောင်ပင်အိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် လယ်ဝေးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ မြို့နယ်စိုက်ညှိအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို ကရေနစ်မြုပ်သည့် လယ်ယာမြေများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ရာသီနှင့်အညီစိုက်ပျိုးကြစေလိုကြောင်း စသည်ဖြင့်ပြောကြား သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဝင် ဦးဝင်းအောင်က ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့သော မိုးစပါးစိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် တစ်ဧကလျှင်တစ်တင်းနှုန်းဖြင့် ရက်(၉၀)စပါးမျိုး ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ သွင်းအားစုများလည်း ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း၊ မတ်လ ၁၅ ရက်နေ့မှစတင်၍ရေပေးဝေမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက်လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့် တာဝန်ရှိသူများက ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ဧကများအတွက် မျိုးစပါးများကို တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)