မိုင်းပျဉ်းမြို့နယ် ဝမ်တာခက်တံတားသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိုင်းပျဉ်း အောက်တိုဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဝမ်တာခက်ကျေးရွာအုပ်စု၊ ဝမ်တာခက်ကျေးရွာရှိ ဝမ်တာခက်တံတားသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဝမ်တာခက်ကျေးရွာအုပ်စု၊ ဝမ်တာခက်ကျေးရွာမှ အရှည်ပေ (၄၄၀) ရှိ ဘေလီသံဘောင်တံတားသည် မိုင်းပျဉ်း-မက်မန်းလမ်းမပေါ်တွင် တည်ရှိပြီး ၂၀၀၉ ခုနှစ်မှစတင်၍ အသုံးပြုခဲ့ရာ၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၂၂-၈-၂၀၂၄) ရက်နေ့တွင် တံတား၏ ကွန်ကရစ်ရေလယ်တိုင် အမှတ်(P3)အောက်ခြေတွင် ရေတိုက်စားနိမ့်ကျကာ နမ့်ခချောင်းအတွင်းသို့ လဲကျသွားခဲ့မှူနှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေတွင်  လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် တံတားအထူးအဖွဲ့(၁၂)မှ ရေလည်တိုင် Pier P2 bailey နှင့် Top Beam ဖြင့် ထပ်မံချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လတ်တလောတွင် လူနှင့်ဆိုင်ကယ်(ဆိုင်ကယ်ဆင်းတွန်း) ဖြတ်သန်းသွားလာနိုင်ခြင်း နံနက်(၆)နာရီမှ ညနေ(၆)နာရီအတွင်းသာ ဖြတ်သန်းသွားလာခွင့်ပြုထားခြင်း အခြေအနေများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် လမ်းဦးစီးဌာန ဒုတိယပြည်နယ်ညွှန်ကြားရေးမှူး(မြို့ပြ)တို့က ကွင်းစစ်ဆေး၍ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)