မြစ်သားမြို့နယ်တွင် ရေကြီးနစ်မြုပ်ခဲ့သည့် ထိခိုက်သီးနှံများ ပြန်လည်ကုစားရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်းနှင့် ဆောင်းသီးနှံစိုက်ပျိုးမည့် အစီအမံများအား တွေ့ဆုံဆွေးနွေး

ကျောက်ဆည် အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုးစေ့တာဝန်ခံ၊ မြေတာဝန်ခံများသည် ယနေ့နံနက်ပိုင်းက မြစ်သားမြို့နယ် ကူမဲနှင့် မိုင်းမောစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး ရေကြီးနစ်မြုပ်ခဲ့သည့် ထိခိုက်သီးနှံများ ပြန်လည်ကုစားရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်းနှင့် ဆောင်းသီးနှံစိုက်ပျိုးမည့် အစီအမံများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ ဦးဆောင်၍ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများသည် ကူမဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းနှင့် မိုင်းမောစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအတွင်းရှိ မြိုင်ကုန်း၊ ပခမ်း၊ သပြေတောင်းနှင့် ပွဲလုံးကျော်ကျေးရွာအုပ်စုများရှိ တောင်သူများနှင့်တွေ့ဆုံပြီး ထိခိုက်သီးနှံ အမျိုးအစားများအလိုက် ပြန်လည်ကောင်းမွန်ရေး ဆောင်ရွက်ရမည့် မြေဩဇာထည့်သွင်းခြင်း၊ ဆေးဖျန်းခြင်း၊ သေပျောက်အပင်များ ပြန်လည်ဖာခြင်း နည်းလမ်းများနှင့် ဆောင်းသီးများစိုက်ပျိုးသွားမည့် အစီအမံများနှင့် မျိုးစေ့လိုအပ်ချက်များအကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်မောင်