နေပြည်တော် အောက်တိုဘာ ၉
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ် ၈ မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်ပညာရေးမှူးများနှင့် မြို့နယ်ပညာရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ၏ စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ကြားပေးကြမည့် မြို့နယ် ၈ မြို့နယ်မှ စေတနာလုပ်အားပေးနည်းပြများ၊ ကြီးကြပ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ် ၈ မြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နည်းပြသင်တန်းကို ငါးရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူများအားလုံး အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သော လူ့စွမ်းရည်တစ်ရပ်ဖြစ်သည့်အသိပညာမြင့်မားရေး၊ စိတ်ဓာတ်နှင့် ကျွမ်းကျင်မှုတို့ကို ပြုပြင်ပြောင်းလဲပေးနိုင်သည့် တွေးခေါ်မှုစွမ်းရည် မြင့်မားလာရေးတို့မှာ အရေးပါသည့် လူတိုင်းအတွက်ပညာရေး (Education For All- EFA) ၏ စာတတ်မြောက်ရေးလုပ်ငန်းနှင့် နောက် ဆက်တွဲလုပ်ငန်းဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်း ဖော်ဆောင်ရေးတို့ကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စဉ်ဆက်ပညာရေးလုပ်ငန်းတွင် စာသင်သားများ အမှန်တကယ်စာတတ်မြောက်ရေးအတွက် ရက်ပေါင်း ၉ဝ ကာလတွင် တစ်ရက်လျှင် ၃ နာရီနှုန်းဖြင့် နာရီပေါင်း ၂၇၀ သင်ကြားသွားမှာဖြစ်ကြောင်း၊ စဉ်ဆက်ပညာရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အခြေခံစာတတ်မြောက်မှုစွမ်းရည်သာမက တာဝန်သိနိုင်ငံ့သားကောင်း အခြေခံ အလေ့အကျင့်များ ပိုမိုရရှိလာနိုင်သည့်အတွက် စာတတ်မြောက်ရေးလှုပ်ရှားမှုကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူပြီး ဆောင်ရွက်ကြရမှာဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက မြို့နယ် ၈ မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းမှ စာသင်သားများကိုယ်စား စာသင်သားနှစ်ဦးအား စာသင်သားသုံး ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် တာဝန်ရှိသူများက တက်ရာက်လာသူများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြို့နယ် ၈ မြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းကို အမျိုးသားရေးအသွင် လုပ်ဆောင်နိုင်ရေး၊ ဒေသတွင်း အခြေခံစာတတ်မြောက်မှုနှုန်းတိုးတက်လာနိုင်ရေးနှင့် လူမှုဘဝမြင့်မားလာစေရန် ရည်ရွယ်ပြီး သင်ကြားရေးကာလ ရက်ပေါင်း ၉၀ ဖြစ်ပြီး မြို့နယ် ၈ မြို့နယ်၏ စာရင်းပေးသွင်းထားသည့် သင်ယူလိုသူ ၅၄၁ ဦးကို အခြေခံပညာ အထက်တန်းအဆင့်နှင့် အထက်ရှိသူ ဒေသန္တရစေတနာလုပ်အားပေး နည်းပြ ၉၄ ဦးနှင့် ကြီးကြပ် ၁၃ ဦးတို့က စာသင်ဝိုင်း ၄၇ ဝိုင်းဖြင့် သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း၊ လယ်ဝေးခရိုင်တွင် စာသင်သား ၁၅၆ ဦး၊ နည်းပြ ၂၈ ဦး၊ ကြီးကြပ် သုံးဦး၊ စာသင်ဝိုင်း ၁၄ ဝိုင်း ဖြင့်လည်းကောင်း၊ ပျဉ်းမနားခရိုင်တွင် စာသင်သား ၆၉ ဦး၊ နည်းပြ ၁၀ ဦး၊ ကြီးကြပ် ငါးဦး၊ စာသင်ဝိုင်း ငါးဝိုင်းဖြင့်လည်းကောင်း၊ ဇေယျာသီရိခရိုင်တွင် စာသင်သား ၉၂ ဦး၊ နည်းပြ ၁၆ ဦး၊ ကြီးကြပ် နှစ်ဦး၊ စာသင်ဝိုင်း ရှစ်ဝိုင်းဖြင့်လည်းကောင်း၊ ဥတ္တရခရိုင်တွင် စာသင်သား ၂၂၄ ဦး၊ နည်းပြ ၄၀ ဦး၊ ကြီးကြပ် သုံးဦး၊ စာသင်ဝိုင်း ၂၀ ဝိုင်းဖြင့်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)