ပြင်ဦးလွင်မြို့တွင် အခြေခံနှင့် မွမ်းမံလျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကျင်းပ 

ပြင်ဦးလွင် အောက်တိုဘာ ၁၀ 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ကြီးကိုင်ကျေးရွာ တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အခြေခံနှင့် မွမ်းမံလျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅) ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ယခုလိုနည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကမောင်းနှင်အားဖြစ်သော MSMEလုပ်ငန်းများလည်း ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျပြီး အရေးပါသောလုပ်ငန်းများဖြစ်သည့် MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသတွင်းပေါများစွာထွက်ရှိသည့် ကုန်ကြမ်းများအား အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများမှတစ်ဆင့် အငယ်စားနှင့် အလတ်စားလုပ်ငန်းများသို့ ချဲ့ထွင်နိုင်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချလာနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျေးရွာပေါင်း (၁၅၁) ရွာတွင် သင်တန်းပေါင်း (၁၅၁) ခု ဖွင့်လှစ်ပေးခဲ့ပြီး လုပ်ငန်းရှင် (၇၅၅) ဦးကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများသုံးစွဲခွင့်ပေးအပ်၍ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင်လည်း အဆိုပါဝင်ငွေတိုးစီမံကိန်းကို ရုံးချုပ်၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၄) ခုရှိ ကျေးရွာပေါင်း (၂၂၁) ရွာကို ရွေးချယ်၍ ဒေသခံပြည်သူများ၏ လိုအပ်ချက်အရ တောင်းဆိုသည့် သင်တန်းများကို ရွေးချယ်ဖွင့်လှစ်ပေး လျက်ရှိပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာရပ်များအပေါ်အခြေခံ၍ စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး မိမိတို့၏ ထုတ်ကုန်များအရည်အသွေးမြင့်မားအောင် ဆောင်ရွက်ကြပါကအကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  လုပ်ငန်းသုံးပစ္စည်းများဖြစ်ကြသည့် ဝရိန်ပုံး၊ High speed cutter၊ Solar Head Shield၊ Electric Grinder ၊ ၃ ချက်အုပ်ဖောက်ဂန်း၊ Battery Screw Gun စသည့်ပစ္စည်းများကို  ထူးချွန်သင်တန်းသားများအား အသီးသီးပေးအပ်ခဲ့ပြီးမန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ သင်တန်းသားများအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ခင်းကျင်းပြသထားသည့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုကာ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့်သူများအား အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)