မက်မန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အားကစားပြိုင်ပွဲများ ကျင်းပ

မက်မန်း အောက်တိုဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကာယဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အားကစားဆိုင်ရာပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက အရုပ်ဆက်ပြိုင်ပွဲ၊ ရော်ဘာကွင်းပစ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ယှဉ်ပြိုင်ခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများ ကာယဉာဏ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်စေပြီး အနာဂတ်လူငယ်ကဏ္ဍဖွံ့ဖြိုးတိုက်တက်လာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ‌ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)