ညောင်ရွှေ အောက်တိုဘာ ၉
ရေကြီးနစ်မြှုပ်မှုကြောင့် ညောင်ရွှေမြို့ မြို့မမင်္ဂလာဈေးအား ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ရာမှ ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီးဖြစ်သောကြောင့် ဈေးအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ညောင်ရွှေမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ ဈေးအတွင်း တင်ကျန်နေသည့် နှုန်းမြေများ၊ ရွှံ့နွံများနှင့် အမှိုက်သရိုက်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈) နာရီခွဲက ဆောင်ရွက်ခဲ့သည်။
မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများသည် ဈေးရုံကြီးနှင့် ဈေးဆိုင်ခန်းများအတွင်း တင်ကျန်နေသည့် နှုန်းမြေများ၊ ရွှံ့နွံများ၊ အမှိုက်သရိုက်များနှင့် ရေနှင့်အတူမြောပါလာသည့် အပျက်အစီးများအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စနစ်တကျ စုစည်းစွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ