နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့မှုများပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက တပ်ကုန်းမြို့နယ်အတွင်းရှိ အုန်းပင်ကျေးရွာနှင့် တောင်ပို့သာကျေးရွာသို့ ဆက်သွယ်ထားသည့် လယ်ငယ်ချောင်းကူး တံတားရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပေ ၁၂၀ သံဘောင်ယာယီဘေလီတံတားထိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ တောင်ပို့သာကျေးရွာနှင့် သကြားဟင်းအိုးကျေးရွာတို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းအား ညောင်ကိုင်းချောင်း ရေတိုက်စားခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပျက်စီးသွားခဲ့သည့် တံတားနှင့် ကျေးရွာချင်းဆက်လမ်းအား ရေရှည်ခိုင်ခန့်စေရေး တွက်ချက်ပြီး အမြန်ဆောင်ရွက်စေလိုကြောင်း၊ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး၊ လက်ရှိပြည်သူများ သွားလာမှုအဆင်ပြေစေရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ရေဘေးသင့်ခဲ့သည့် ပြည်သူများနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြားရာတွင် ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများအား ရာသီအမီပြန်လည်စိုက်ပျိုးနိုင်ရေး၊ ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်များအား ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ စပါးနှင့် ဆီထွက်သီးနှံများ၊ မိုးနှောင်း သီးနှံများ၊ ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တပ်ကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းညွန့်က သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများအား ပြန်လည်စိုက်ပျိုးနိုင်စေရေးအတွက် ကုစားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မကျီးပင်ကျေးရွာအုပ်စုအတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါခဲ့သည့် နေအိမ် ၉၉ လုံးအတွက် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံးများနှင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများအတွက် မျိုးစပါးများနှင့် သွင်းအားစုများကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် တက်ရောက်လာကြသူများက လိုအပ်သည်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆင်သေချောင်းကူးတံတား(ပုပ္ပါးကုန်း) တံတားသို့ ရောက်ရှိပြီး လမ်းဦးစီးဌာနမှ တံတားချဉ်းကပ်လမ်းဆောင်ရွက်နေမှု၊ နေပြည်တော် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ဆင်သေချောင်းအား ရေတိုက်စားမှုမှ ကာကွယ်ရန် အရေးပေါ်ယာယီကမ်းပြိုကာကွယ်ရေးလုပ်ငန်းများနှင့် စက်ယန္တရားများဖြင့် သောင်တူးဖော်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ချောင်းရေစီးကြောင်း မှန်ကန်စေရေး၊ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခန့်စေရေး၊ သတ်မှတ်စံချိန်စံညွန်းပြည့်မီစေရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)