ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဈေးနှုန်းတည်ငြိမ်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား အောက်တိုဘာ ၉

ကချင်ပြည်နယ်အတွင်း စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အဆင်ပြေချောမွေ့စေရေး၊ စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ SME အသင်းမှ တာဝန်ရှိသူများနှင့် ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စက်သုံးဆီဈေးနှုန်းများသည် ‌ဒေသတွင်း ကုန်ဈေးနှုန်းတည်ငြိမ်မှုအပေါ် များစွာသက်ရောက်သည့်အတွက် ဈေးနှုန်းကစားခြင်း စသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရန် အားလုံးက သတ်မှတ်ဈေးနှုန်းနှင့်အညီ ညှိနှိုင်းတိုင်ပင်ပြီး ဖြန့်ဖြူးရောင်းချကြရမည်ဖြစ်ကြောင်း၊ အရောင်းဆိုင်များသို့ ဖြန့်ဖြူးရာတွင်လည်း မလိုလားအပ်သည့်နေရာများသို့ မရောက်ရှိစေရေး အလေးထားလိုက်နာကြရမည်ဖြစ်ကြောင်း၊ ပြည်သူများအား စက်သုံးဆီနှင့် စပ်လျဉ်း၍ ဝန်ထုတ်ဝန်ပိုးမဖြစ်စေဘဲ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကြိးကြပ်စစ်ဆေးရေးအရာရှိ ဦးမင်းမင်းက စက်သုံးဆီသိုလှောင်ဖြန်းဖြူးခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ PO တိုးမြင့်ခြင်းဆောင်ရွက်ပေးခြင်း၊ (၃/၂၀၂၄)ကိစ္စရပ်များနှင့် တိုးမြှင့်ချထားပေးလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ သုံးသပ်ညှိနှိုင်းဆွေးနွေးတင်ပြကြပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာအတွက် ကုမ္ပဏီများက တင်သွင်းရန် စက်သုံးဆီ Quota ခွဲတမ်းများနှင့် ၂၀၂၄ ခုနှစ် သြဂုတ်လမှ စတင်၍ (၁၀) ရက်တစ်ကြိမ် ဈေးနှုန်းတွက်ချက်သတ်မှတ်ထားရှိမှုအား ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)