မိုင်းခတ် အောက်တိုဘာ ၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသောတောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်း အဖွဲ့သည်ယနေ့နံနက်ပိုင်းက ပါပွန်းကျေးရွာအုပ်စု၊ထော်ပဲကူကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မိုင်းခတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အေးထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုင်းဆိုင်လွန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းတို့က ကျေးရွာနေပြည်သူများအားလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားရာတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့် မှုခင်းပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်နှင့်ဆိုးကျိုးများ၊ စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများ၊ စပါး၊ ပြောင်းများပိုးကျပါက ဆောင်ရွက်သင့်သည့်နည်းလမ်းများ၊ နှစ်ရှည်ပင်များစိုက်ပျိုးကြရန်၊ ကော်ဖီပျိုးပင်များနှင့် ပဲပုပ်မျိုးများကို မြို့နယ်စိုက်ပျိုးရေးဌာနတွင် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း၊ စားသုံးဆီဖူလုံစေရေး နေကြာစိုက်ပျိုးကြရန်၊ သတင်းအမှားအမှန်ခွဲခြားနိုင်ရေး၊ တောမီးမရှို့ရေး၊ တောင်ယာခုတ်ထွင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဥပဒေများအကြောင်းနှင့် ကျေးလက်မီးလင်းရေး၊ ကျေးရွာလယ်ယာကုန်ထုတ်လမ်းများအကြောင်း၊ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ရှောင်ရန်၊ ဆောင်ရန်အချက်များနှင့် ကျွဲ၊ နွား၊ ကြက်၊ ဝက်မွေးမြူရာတွင်ရောဂါကူးစက်မှုမှ ကာကွယ်ရေးတို့ကို မြန်မာဘာသာ၊ အာခါဘာသာတို့ဖြင့် အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ထော်ပဲကူကျေးရွာမှ တိုင်းရင်းသားပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များတင်ပြဆွေးနွေးရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)