ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်အတွင်း သီးထပ်စွမ်းအား ရိုးပြတ်မကျန်စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံပွဲကျင်းပ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဟိုပင်)အား ကြည့်ရှုစစ်ဆေး

မိုးညှင်း အောက်တိုဘာ ၈

ကချင်ပြည်နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆောင်းသီးထပ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီခွဲက မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်များအတွင်း တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မိုးညှင်းမြို့ ခရိုင်စုပေါင်းရုံး၌ မြို့နယ်အတွင်းရှိ တောင်သူများနှင့်တွေ့ဆုံပွဲ ကျင်းပသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မိုးညှင်းခရိုင်သည် ကချင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုအများဆုံး ခရိုင်ဖြစ်သကဲ့သို့ သီးထပ်စိုက်ပျိုးမှုအများဆုံး ခရိုင်လည်းဖြစ်ပါကြောင်း၊ လာမည့် မိုးစပါးရိတ်သိမ်းပြီးချိန်တွင် မိုးစပါးစိုက်ဧကအားလုံးတွင် ရိုးပြတ်ပါမကျန် သီးထပ်စိုက်ပျိုးနိုင်ရေးကြိုးစားကြရန် အလေးအနက်ထားတိုက်တွန်းလိုပါကြောင်း၊ ဆောင်းသီထပ်လယ်သီး နှံများကိုလည်း ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ ပဲပုတ်၊ ဆီမုန်ညှင်း၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်းစသည်တို့ကို ဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သည့် ဆီထွက်သီးနှံများကို ဦးစားပေးတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် နှစ်တိုရည်မှန်းချက် ချမှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လိုအပ်သည့် စိုက်ပျိုးရေလိုအပ်ချက် ကျွဲ၊ နွားအန္တရာယ်အတွက် ခြံကာရံခြင်း၊ မျိုးကောင်း မျိုးသန့်များနှင့် စိုက်ပျိုးနည်းပညာလိုအပ်ချက်များကို ကူညီထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မိမိတို့ပြည်နယ်အတွင်း စားဆီ(၁၀၀)ရာခိုင်နှုန်း ဖူလုံမှုရှိရေး ကိုယ်ပိုင်စိုက်ပျိုးထုတ်လုပ်ရမည်ဖြစ်သည့်အတွက် အဆင့်မြှင့်ဆီကြိတ်စက်များကို တည်ထောင်နိုင်ရေး မတည်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့တက်ရောက်လာသော တောင်သူများအနေဖြင့် သီးထပ်စွမ်းအား ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး လိုအပ်သည်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လယ်ယာစိုက်ပျိုးမြေများအား အကြောင်းမဲ့လှပ်ထားခြင်းမပြုဘဲ အကျိုးရှိရှိအသုံးချနိုင်ရေး ဆောင်ရွက်သင့်သည်များကိုလည်း ကောင်း၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က သီးထပ်စိုက်ပျိုးရာတွင် မြေ၊ မျိုး၊ ပိုးစသော စိုက်ပျိုးရေးနည်းပညာနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကိုလည်းကောင်း၊ စိုက်ပျိုးရေးနှင့်တွဲဖက်၍ အပိုဝင်ငွေရရှိနိုင်သော တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း၊ သမဝါယမစနစ်ဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို စုပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီး တောင်သူအသိပညာပေးဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့်တောင်သူများက ကျေးရွာအလိုက် စိုက်ကွင်းများအတွင်း သီးထပ်စိုက်ပျိုးထုတ်လုပ်နိုင်‌ရေး အခြေခံလိုအပ်ချက်များ၊ သွင်းအားစုများနှင့်ကုန်ထုတ်လမ်းတံတားရရှိရေးစသည့်တို့ကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ၏ လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်အတွင်းရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနပိုင် မူလတန်းကြိုကျောင်းသို့သွားရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်ဆိုင်းတို့က မူကြိုကလေးငယ်များအား အာဟာရကျွေးမွေးထောက်ပံ့ခြင်း အစီအစဉ်သို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကလေးငယ်များအား ရင်းရင်းနှီးနှီးမိတ်ဆက်တွေ့ဆုံကာ ကျောင်းအုပ်ဆရာမထံ ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ကလေးများအား အာဟာရဖြည့်စွက်အစားအစာများကို လိုက်လံဝေငှကျွေးမွေး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မိုးညှင်းမြို့မှထွက်ခွာခဲ့ကြပြီး ဟိုပင်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဟိုပင်)၌ ကျောင်းအုပ်ကြီး၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းခန်းမ၌ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားအချင်းချင်းစည်းလုံးချစ်ခင်းပြီး အတူတကွနေထိုင်နိုင်ရေး၊ စိတ်ဓာတ်စည်းကမ်းလိုက်နာတတ်ပြီး ထူးချွန်ထက်မြက်သည့် ပညာတတ်လူငယ်များ ပေါ်ထွက်လာစေရေး၊ ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသလို ဘွဲ့ရပညာတတ်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးကြမည့် နိုင်ငံတော်ကအားကိုအားထားရသည့် ထူးချွန် ထက်မြက်သည့် လူငယ်အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရေး အားပေးတိုက်တွန်းမှာကြားသည်။

ထို့နောက် ကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာအချက်အလက်များနှင့် ကျောင်းအတွက်လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ကျောင်းအတွင်း ကျောင်းသား/ ကျောင်းသူများ၏ အိပ်ဆောင်များ၊ စားသောက်ဆောင်နှင့် စာကြည့်တိုက်တို့ကိုလည်းကောင်း၊ ကျောင်းသား/ကျောင်း သူများကိုယ်တိုင် စိုက်ပျိုးဆောင်ရွက်ထားသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်စွက်ပံ့ပိုးပေးနိုင်ရေးတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မိုးကောင်းမြို့သို့ရောက်ရှိပြီး မိုးကောင်းမြို့ မြို့တော်ခန်းမ၌ မြို့နယ်အတွင်းရှိ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းစားဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများကို မိုးစပါးစိုက်ကွင်းများအားလုံး ရိုးပြတ်မကျန်အောင် စိုက်ပျိုးနိုင်ရေးလိုအပ်သည့် သွင်းအားစုများ၊ အခြေခံလိုအပ်ချက်များ ပံ့ပိုးကူညီပေးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး၊ စားဆီဖူလုံရေးအတွက် ဘဏ္ဍာနှစ်အလိုက် စီမံချက်များရေးဆွဲအကောင်အထည်ဖော်ရာတွင် အားလုံးကတက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်းပြောကြား သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် တောင်သူများက ကျေးရွာစိုက်ကွင်းများအလိုက် သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်ချက်များကို ကဏ္ဍအလိုက်အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မရမ်းကျေးရွာ၌ ဒေသခံတောင်သူများ၏တင်ပြချက်အရ ပြည်ထောင်စုလမ်းမကြီးဘေးရှိ လယ်မြေများအတွင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်ခြင်းမရှိဘဲ၊ အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် လယ်မြေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လယ်မြေများအတွင်း စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ မြေယာပြုပြင်ခြင်း၊ မြေသြဇာထည့်ခြင်းနှင့် ဆောင်းသီးနှံအတွက် မြေပဲစိုက်ပျိုးနိုင်ရေးစိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ချောင်းရေလွတ်လပ်စွာ စီးဆင်းနိုင်ခြင်းမရှိသည့်အတွက် စိုက်ခင်းများအတွင်း ရေဝပ်မှုတင်ကျန်မှုမြင့်မားလျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြေပြင်အခြေအနေကို ကွင်းဆင်းတိုင်းတာစစ်ဆေးပြီးလိုအပ်သည်များကို အရေးယူဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်၏ မိုးညှင်း၊ မိုးကောင်းခရီးစဉ်အတွင်း မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းသည် မိုးကောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးသို့သွားရောက်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်တွေ့ဆုံအားပေးကာ အသင်းမှကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်မှုအခြေအနေများနှင့် သားဖွားခန်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရဖြည့်စွက်အစားအစာများ၊ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ပြည်နယ်ပြန်/ဆက်