ကျောက်ဆည် အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သန်းခေါင်စာရင်းများ ကောက်ယူလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်၌ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၈) အုပ်စုတွင် သန်းခေါင်စာရင်းများ ကောက်ယူပြီးဖြစ်ကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် အခက်အခဲမရှိစေရေး ကျောက်ဆည်ခရိုင်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ဦးတို့သည် တာဝန်ရှိသူများနှင့်အတူကွင်းဆင်းဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်အုပ်စု (၁၀) အုပ်စု၊ ကျေးရွာအုပ်စု (၈၇) အုပ်စု၊ စုစုပေါင်း ရပ်ကွက်/ကျေးရွာအုပ်စု(၉၇)အုပ်စုရှိပြီး၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရက်းများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့မှစတင်ပြီး အောက်တိုဘာ (၁၅)ရက်နေ့အထိ ကောက်ယူသွားမည် ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်မူဝါဒများ ချမှတ်ရန်အတွက် အရေးကြီးသော လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ အချက်အလက်များရနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်အဖြစ် အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရခဲ့သည်။
သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် ခိုင်လုံသော အခြေခံစာရင်းအင်းကိန်းဂဏန်းများရရှိစေခြင်း၊ နောင်လာမည့်နှစ်များအတွက် စီမံကိန်းများရေးဆွဲရာတွင် ပိုမိုတိကျမှုရှိစေရန် ခိုင်လုံသောခန့်မှန်းလူဦးရေများ တွက်ချက်ပေးနိုင်ခြင်း၊ မြို့ပြနှင့်ကျေးလက် နေထိုင်သည့်လူဦးရေစာရင်းများ သိရှိနိုင်ခြင်း၊ လူဦးရေသိပ်သည်းမှု၊ ပျံ့နှံ့နေမှုအခြေအနေများ သိရှိနိုင်ခြင်း၊ စာတတ်မြောက်မှု၊ တွက်ချက်မှု၊ ပညာသင်ကြားမှုများ၊ ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်းများသိရှိနိုင်မှု စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းသိရသည်။
သက်မောင် (ကျောက်ဆည်)