နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦး ဇီးကုန်းကျေးရွာနှင့် ကျည်တောင်ကန် အမှတ် (၁) ရပ်ကွက်တို့တွင် စာကြည့်တိုက်အသစ်ဆောက်လုပ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ပုဗ္ဗသီရိ အောက်တိုဘာ ၈

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာနှင့် ကျည်တောင်ကန် အမှတ် (၁) ရပ်ကွက်တို့တွင် စာကြည့်တိုက်အသစ် ဆောက်လုပ်မှုအခြေအနေအား ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဇီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထူး၊ ကျည်တောင်ကန်အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် စာကြည့်တိုက်ကော်မတီဝင်များက ဇီးကုန်းကျေးရွာနှင့် ကျည်တောင်ကန် အမှတ် (၁) ရပ်ကွက် စာကြည့်တိုက်အသစ် ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ စာကြည့်တိုက်တည်ဆောက်နိုင်မှုအခြေအနေ၊ စာကြည့်တိုက်အဆောက်အဦသစ်ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို ရှင်းလင်းမှာကြားခဲ့သည်။

အဆိုပါကျေးရွာနှင့် ရပ်ကွက်များတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေကျပ်သိန်း(၁၅၀)ဖြင့် ဆောင်ရွက်ကြသည့် ဇီးကုန်းကျေးရွာစာကြည့်တိုက် အလျား ၂၀ပေ၊ အနံ ၁၆ပေ ဆောက်လုပ်ပြီးစီးမှု ၅၀ ရာခိုင်နှုန်းပြီးစီးရာ ကျည်တောင်ကန် အမှတ် (၁) ရပ်ကွက် "သုခရတနာ" စာကြည့်တိုက် အလျား ၂၀ပေ၊ အနံ ၁၉ပေ ဆောက်လုပ်ပြီးစီးမှု ၉၀ရာခိုင်နှုန်း ပြီးစီးကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)