မိတ္ထီလာမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မိုးမြေပဲစိုက်ဧက ၄၁၃၂ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့  

မိတ္ထီလာ အောက်တိုဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ မိုးမြေပဲစိုက်ဧက ၄၁၃၂ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်တွင်းစားသုံးဆီဖူလုံပြီး စားအုန်းဆီတင်သွင်းမှုလျော့ချနိုင်ရေး ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာတို့ကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန် ပံ့ပိုးကူညီလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဆီထွက်သီးနှံများဖြစ်သည့် နေကြာနှင့် မြေပဲသီနှံများကို  မိုးဦးနှင့် မိုးနှောင်းရာသီ (ဆောင်းရာသီ)တို့တွင် စိုက်ပျိုးလျက်ရှိကြပြီး နှမ်းသီးနှံကို နွေရာသီ၊ မိုးဦးနှင့် မိုးနှောင်း(ဆောင်းရာသီ)တို့တွင် စိုက်ပျိုးကြသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ ဆီထွက်သီးနှံဖြစ်များဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာတို့အနက် မြေပဲစိုက်ဧက ၁၉၁၅ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားပြီး စိုက်ပျိုးခဲ့ရာ ယနေ့အထိ မိုးမြေပဲစိုက်ပျိုးဧက ၄၁၃၂ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးမြေပဲစိုက်ဧက ၄၁၃၂ ဧကအနက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့နယ်အတွင်း၌ မြေပဲသီးနှံကို ဇရပ်ကုန်း၊ သံဘို၊ အုံတုံ၊ ရေဝေ၊ ရှမ်းမငယ်၊ မယ်ဇလီကုန်း၊ မုန်တိုင်၊ အိုင်ကြီးလည်၊ ဆည်အောင်၊ မွေ၊ ကြွယ်ကန်၊ ကန်တောင်၊ အင်း၊ အရာတော်၊ ရေချို၊ လိန်တော၊ ညောင်ဇောက်၊ လျှော်ဖြူကန်၊ ကွက်ငယ်ကျေးရွာအုပ်စုများရှိ ကွင်း ၅၅ ကွင်းမှ တောင်သူ ၃၅၀ ဦးက စိုက်ဧက ၅၀၀ ကို စိုက်ပျိုးထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)