ဝမ်းတွင်း အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ရေဘေးသင့်တောင်သူများအား ရက် (၉၀) မျိုးစပါးများပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းက ရေဘေးသင့်တောင်သူများအား ရက် (၉၀) မျိုးစပါးပေးအပ်ရခြင်းနှင့်စပ်လျဥ်း၍ ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်စန္ဒာလင်းက မျိုးစပါးများထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မြို့နယ်ဦးစီးမှူး ဒေါ်ရည်ရည်မွန်ကရေဘေးကြောင့် ပျက်စီးဧက (၁၃၂) ဧကရှိသည့်အနက် တောင်သူ (၁၆) ဦး၏ စပါးစိုက်ဧက (၄၁) ဧကသာ စပါးများ ပြန်လည်စိုက်ပျိုးနိုင်သေးကြောင်း၊ ကျန်ရှိသည့် (၉၁) ဧကအား နိုဝင်ဘာလတွင် ကုလားပဲများ စိုက်ပျိုးမည်ဖြစ်ပြီး ရေကြီးနစ်မြှပ်မှုကြောင့် ပျက်စီးသွားသော လျှပ်စစ်ရေတင်သောက် တောင်သူများအတွက် မျိုးစပါးများပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ရေကြီးနစ်မြှပ်မှုကြောင့် ပျက်စီးခဲ့သော လယ်ဧက (၄၁) ဧကအတွက် ရက် (၉၀) ကို မျိုးစပါးကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ရက် (၉၀) မျိုးစပါးများပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ရည်ရည်မွန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။
မြို့နယ်ပြန်/ဆက်