တန့်ယန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ

တန့်ယန်း အောက်တိုဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုး၊ မြို့နယ်ဥပဒေအရာရှိ ဦးထက်လင်းဟန်၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် ဝင်းကိုကိုတို့က မော်တော်ယာဉ်အသုံးပြုသူများနှင့် လမ်းအသုံးပြုသူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအား ပရိုဂျက်တာဖြင့် အသိပညာပေး ဟောပြောခဲ့ကြကာ အခမ်းအနား တက်ရောက်လာကြသော ရပ်ကွက်နေပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)