လပွတ္တာ အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် လယ်ယာသုံးစက်ကိရိယာပစ္စည်းများ အသုံးပြုနည်း/ ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးနိုင်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် တာဝန်ရှိသူများက သင်တန်းသားများသို့ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသားများမှ လက်ခံရယူခဲ့သည်။ ထို့နောက် သင်တန်းသား (၁) ဦးမှ သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသည် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မူမူ