ဗိုလ်တထောင်မြို့‌နယ်၌ ၇ ရက်မြောက် အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး

ဗိုလ်တထောင် အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့ကစတင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် အမှတ်(၉)နှင့် အမှတ် (၁၀) ရပ်ကွက်များ၌ စာရင်းစစ်/ စာရင်းကောက်အဖွဲ့များ၏ အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့် ခရိုင်မှ တာဝန်ရှိသူများ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် ရပ်ကွက်နေပြည်သူများအား အိမ်ထောင်စု၊ လူဦးရေနှင့် အိမ်အကြောင်းအရာဆိုင်ရာ မေးခွန်းပေါင်း (၆၈)ချက်ကို မေးမြန်း၍ ရရှိလာသည့် မှန်ကန်သောအချက်အလက်များကို ခေတ်မီနည်းပညာဖြင့် Mobile Tablet တွင် စနစ်တကျ စာရင်းမှတ်တမ်းရေးသွင်းကောက်ယူဆောင်ရွက်ခြင်းဖြစ်ပြီး ထိုသို့ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁၅ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက် တာဝန်ခံလဝကမှူးများနှင့် စာရင်းစစ်/စာရင်းကောက်အဖွဲ့များဖြင့် တစ်အိမ်တက်ဆင်းစာရင်း‌ ကောက်ယူဆောင်ရွက်မည်ဖြစ်သည်။

ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၂) ရပ်ကွက်တွင် (၈) အုပ်စုနှင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းကစ၍ သက်ဆိုင်ရာရပ်ကွက်အလိုက် သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်နှင့် တိုက်နယ်တာဝန်ခံလဝကမှူးများ၊ မြို့နယ်အဆင့် သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းတက်ရောက်ခဲ့ပြီးသော စာရင်းစစ်/စာရင်းကောက် (၄၈)ဦးတို့ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်း‌ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီထံမှ သိရသည်။

ခင်ဝင်း