ရန်ကုန် အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ တည်ထားကိုးကွယ်လျက်ရှိသည့် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီးနှင့် အရံစေတီများအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအတွက် လုပ်ဆောင်မည့်အစီအစဉ်များနှင့်ပတ်သက်၍ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ဩဝါဒခံယူပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစေတီတော် ရင်ပြင်တော်ပေါ်ရှိ နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တက်ရောက်လာကြသည့် ဧည့်ပရိတ်သက်များက ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ စွန်းလွန်းဂူဝိပဿနာ ကျောင်းဆရာတော် ဘဒ္ဒန္တသုန္ဒရအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်က လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းနှင့်ပတ်သက်၍ တင်ပြလျှောက်ထားကြသည်။
ယင်းနောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးအောင်မြတ်မှ ရွှေသင်္ကန်းကပ်လှူခြင်းနှင့်ပတ်သက်၍ လုပ်ဆောင်မည့် အစီအစဉ်အသေးစိတ်အား တင်ပြလျှောက်ထားပြီး ဩဝါဒါစရိယဆရာတော်ကြီးများက ဩဝါဒကထာများ အသီးသီး မိန့်ကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သက်များက ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းများ ဆောင်ရွက်ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ဩဝါဒခံယူပွဲကို ရုပ်သိမ်းခဲ့ပြီး သြဝါဒါစရိယဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)