မိုင်းကိုင် အောက်တိုဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း မြို့ပြနှင့်ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရည်အသွေးပြည့်မီစွာ ရရှိစေရန်၊ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းနှင့် ပြည်သူလူထုအတွင်း ကွင်းဆင်းကုသမှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လွိုင်လင်မြို့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင် မို့မို့ဦးဆောင်သော အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့သည် ယမန်နေ့မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မိုင်းကိုင်မြို့နယ် ပြည်သူ့ဆေးရုံ၌ အခမဲ့ နယ်လှည့်ကွင်းဆင်းကုသမှုများ ဆောင်ရွက်ခဲ့သည်။
အထူးကုဆရာဝန်ကြီးများအဖွဲ့၏ ကွင်းဆင်းကုသမှုတွင် အထွေထွေရောဂါသမားတော် ကုသမှု ၁၇၄ ဦး၊ သားဖွားမီးယပ်ကုသမှု ၃၁ ဦး ၊ နား၊ နာခေါင်း၊ လည်ချောင်း ကုသမှု ၅၈ ဦးနှင့် အသေးစားခွဲစိတ်မှု ၁ ဦး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာကုသမှု ၇၁ ဦးနှင့် အသေးစားခွဲစိတ်မှု ၁ ဦး၊ ခွဲစိတ်ကုသမှု ၂၃ ဦးနှင့် အသေးစားခွဲစိတ်မှု ၄ ဦး၊ စုစုပေါင်း မိဘပြည်သူ ၃၆၃ ဦးတို့ကို အခမဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများပေးခဲ့သည်။
ထိုသို့ ကျန်းမာရေးကွင်းဆင်းကုသမှုဆောင်ရွက်နေသော အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းလှိုင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)