ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားရရှိစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှတဆင့် အသိပညာ၊ ဗဟုသုတ တိုးပွားရရှိစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်၍  နယ်လှည့် စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သခင်ဘသောင်းရပ်ကွက်ရှိအမှတ်(၁၄)အခြေခံပညာမူလတန်းလွန် ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်သဇင်ဦးက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် အခြားအသိပညာဗဟုသုတများ တိုးပွားရရှိစေရေးအတွက် ငယ်စဉ်ကတည်းကစာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူထားရှိရေး၊ ကျောင်းသား၊ ကျောင်းသူများဖတ်ရှုရမည့် စာပေရွေးချယ်မှုအကြောင်း၊ စာပေဖတ်ရှုမှတ်သားမှုနည်းစနစ်အကြောင်း၊ စာပေဖတ်ရှုမှတ်သားခြင်းဖြင့် ရရှိလာမည့်အကျိုး ကျေးဇူးများအကြောင်း ပညာပေး‌ဟောပြောခြင်းနှင့် ကျောင်းသား၊  ကျောင်းသူများအနေဖြင့် ကျောင်းပိတ်ရက်များတွင် မိမိတို့ ပြည်သူ့စာကြည့်တိုက်ရှိ  စာဖတ်ခန်းသို့ လာရောက်၍  ပညာပေးရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များ၊ အပတ်စဉ်ထုတ် ရွှေသွေး၊ တေဇအစရှိသည့် စာအုပ်စာစောင်များကိုလည်း အခမဲ့ဖတ်ရှု၍ရပါကြောင်း၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲစသည့် ပြိုင်ပွဲများအတွက် အချက်အလက်များ လေ့လာဖတ်ရှုရှာဖွေစုဆောင်းလိုပါကလည်း မြို့နယ်ပြည်သူ့ စာကြည့် တိုက်တွင် လာရောက်ရှာ‌ဖွေလေ့လာဖတ်ရှုငှားရမ်းနိုင်ပါကြောင်း အသိပေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊  လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေး နံရံကပ်စာစောင်များနှင့် ပညာပေးရုပ်ပြစာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)