ဇေယျာသီရိ အောက်တိုဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း စက်တင်ဘာလက ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသွားခဲ့သော မိုးစပါးစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထောက်ပံ့လှူဒါန်းသော မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဇေယျာသီမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြေသိန်းတို့က ဇေယျာသီရိမြို့နယ်အတွင်း ရေကြီးရေလျှံခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စပါးခင်းများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ယခုလိုမျိုးစပါးများ အခမဲ့ထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း၊ စိုက်ပျိုးရာတွင်လည်း အတန်းလိုက် မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး ကူညီဆောင်ရွက်ပေးမည့်အရာများနှင့်ပက်သက်၍ အားပေးစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်ဆန်စပါးအသင်း ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုအောင်နှင့် တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးရွာအူပ်စု သုံးအုပ်စုမှ တောင်သူ ၂၄ ဦးအတွက် တစ်ဧကလျှင် ရက် ၉၀ စပါးမျိုး တစ်တင်းနှုန်း စုစုပေါင်း ၁၄၄ ဧကအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)