နေပြည်တော် အောက်တိုဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရေး၊ စာရေးရိက္ခာဖူလုံရေးအတွက် စိုက်ဧကများအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးရေး၊ သီးထပ်စွမ်းအား ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ဒေသတွင်း စားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ဆီစက်လုပ်ငန်းများ တိုးချဲ့ရေး၊ လိုအပ်သည့် ကုန်ကြမ်းများ လုံလောက်စွာရရှိရေး၊ စားသုံးဆီထုတ်လုပ်မှု တိုးတက်ရေးတို့ကို အစီအမံများရေးဆွဲပြီး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို ဒေသအလိုက် ထုတ်လုပ်မှုကဏ္ဍများ တိုးတက်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စားသုံးကုန်ပစ္စည်းများကို ဒေသတွင်းလုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုတိုးတက်အောင်ဆောင်ရွက်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေး၊ လိုအပ်သည့် ကုစားမှုများ လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ မြစ်ချောင်းများ ရေစီးဆင်းမှုမှန်ကန်စေရေး၊ ရေထုတ်မြောင်း၊ ရေဆိုးထုတ်မြောင်းများတွင် နုန်းများဖယ်ရှားရှင်းလင်းရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး KG+9 အထိ မဖြစ်မနေ ကျောင်းတက်ရောက်ပညာသင်ကြားနိုင်ရေး၊ အမှန်တကယ်စာတတ်မြောက်အောင် သင်ကြားပေးနိုင်ရေးတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်ပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့် စာဖတ်ခြင်းဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော ပညာတတ်များဖြစ်စေရေး၊ ပြည်သူလူထုအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း တရားဥပဒေစိုးရေးနှင့် အေးချမ်းသာယာရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျလိုက်နာစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းများ မှန်မှန်ကန်ကန်ရရှိစေရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိန်းဂဏန်းအချက်အလက်များမှန်ကန်စေရေး၊ ကဏ္ဍအလိုက်လုပ်ငန်းများ အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ တက္ကသိုလ်၊ အခြေခံပညာကျောင်းများ၊ လမ်း၊ တံတားများ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို အမြဲလေ့လာသင်ယူပြီး လုပ်ငန်းတာဝန်များအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်စေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်းကြိုးစား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးညီညီမင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ဆီထွက်သီးနှံအထူးဇုန် (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် ဇုန်ပြင်ပစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သွင်းအားစုများရရှိရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ ဈေးကွက်ရရှိရေးဆောင်ရွက်နေမှုအခြအနေများ၊ ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှုနှင့် ရေသိုလှောင်ထားရှိမှုအခြေအနေများ၊ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများ၊ ဒေသအတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီကြိတ်ခွဲနိုင်မှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)