ဒလ အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သန်လျင်ခရိုင်မှ ကြီးမှူးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းအစီအစဥ်ဖြင့် အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်း ပြုပြင်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန် ကကမာကဆစ်ရပ်ကွက် အလယ်ကျောင်းပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က သင်တန်းသားများအနေဖြင့် နည်းပြများသင်ကြားပို့ချပေးသည့် စာတွေ့လက်တွေ့ဘာသာရပ်များကို လက်တွေ့တွင်ပြန်လည် အသုံးချနိုင်သည့်အထိ စနစ်တကျလေ့လာသင်ယူကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သန်လျင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်အေးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ် ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းအတွက် လုပ်ငန်းသုံးပစ္စည်း၊ သင်ထောက်ကူပစ္စည်းများ၊ ထောက်ပံ့ပစ္စည်းများပေးအပ်ရာ သင်တန်းသားများမှ လက်ခံရယူပြီး သင်တန်းနည်းပြဆရာ ဦးကျော်စိုးက စာတွေ့လက်တွေ့များ သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသား(၂၂)ဦးနှင့် ဖိတ်ကြားထားသောဧည့်သည် (၄၀)ဦး၊ သင်တန်းကြီးကြပ်(၆)ဦး၊ စုစုပေါင်း(၆၈)ဦး တက်ရောက်ခဲ့ကြပြီး အောက်တိုဘာလ ၇ ရက်နေ့ မှ ၂၁ ရက်နေ့အထိ(၁၅) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမြမိုး (ဒလပြန်/ဆက်)