လှည်းကူးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ကောက်ကွက်ပေါင်း (၂၈၀) ကွက် ကောက်ယူပြီးစီး

လှည်းကူး အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက်များ ကောက်ယူခြင်းကို အောက်တိုဘာ(၆) ရက်နေ့အထိ ကောက်ကွက်ပေါင်း (၂၈၀) ကွက် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ သန်းခေါင်စာရင်းကောက်ကွက်များတွင် လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်အလက် (၆၈) ချက် မေးမြန်းကာ Mobile Tablet များဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးချကာ ကောက်ယူလျက်ရှိပြီး ယနေ့ လှည်းကူးမြို့နယ် ရပ်ကွက် (၅)ရပ်ကွက်၊ ကျေးရွာများတို့အား စာရင်းကောက်ယူရေးအဖွဲ့များက ဆက်လက်ကောက်ယူလျက်ရှိရာ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦး၊  လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နီခင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနောင်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီများ လှည့်လည်ကြည့်ရှုအားပေးကြောင်း သိရသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် လှည်းကူးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကောက်ကွက်ပေါင်း ၅၉၄ ကွက်တို့၌ စာရင်းစစ် ၄၆ ဦး၊ စာရင်းကောက် ၂၃၁ ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျစာရင်းကောက်ယူလျက်ရှိရာ အောက်တိုဘာ (၆) ရက်နေ့အထိ ကောက်ကွက်ပေါင်း (၂၈၀)ကောက်ယူပြီးစီးပြီး ကျန်ရှိနေသောကောက်ကွက်များကို အချိန်မီပြီးစီးရေး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)