ပျဉ်းမနား အောက်တိုဘာ ၇
နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးမြင့်စိုးတို့သည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း (ဦးကျေး)နှင့် ကျွန်းဦးကျေးရွာအတွင်းရှိ ရေဝင်ရောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် ပျဉ်းမနားမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း(ဦးကျေး)သို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း ရေဝပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ ကျောင်းဝင်းအတွင်းဝင်ရောက်နေသော ရေများအား ရေစုပ်စက်များဖြင့် အမြန်ဆုံးစုပ်ထုတ်နိုင်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများ စနစ်တကျနှင့် အမြန်ဆုံးဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များသည် ပျဉ်းမနားမြို့ ကျွန်းဦးကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအတွင်းရှိ ရေဝင်ရောက်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/တံတားများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လမ်းပန်းဆက်သွယ်ရေး အမြန်ပြန်လည် ကောင်းမွန်စေရန်အတွက် ပြုပြင်ရန်လိုသည့် လမ်း၊ တံတားများကို သတ်မှတ်စံချိန်စံညွှန်းများအနှင့်အညီ အမြန်ဆုံး ပြုပြင်ဆောင်ရွက်သွားရန် သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)