ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေကြီးမှုကြောင့်နစ်မြုပ်ခဲ့သည့် ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်းနှင့်ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ရေကြီးရေလျှံဖြစ်ပေါ်မှုများကြောင့် နစ်မြုပ်ခဲ့သည့်ကျေးရွာများသို့ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်းနှင့်ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်တွင် တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ မိုးသည်း ထန်စွာရွာသွန်းပြီး ရေကြီးမှုဖြစ်ပေါ်ခဲ့ရာ ကျေးရွာအချို့ ရေနစ်မြုပ်ခြင်းများဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရေကြီးနစ်မြုပ်သည့် ကျေးရွာများတွင် ယခုအခါ ပြည်သူများ ပြန်လည်နေထိုင်လျက်ရှိသည့်အတွက် ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  နှမ်းတောကျေးရွာသို့ နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ရေတွင်း ရေကန်များအား ကလိုရင်းဆေးခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)