ကျောက်ဆည် အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဇီဝနည်းပညာ သုတေသနဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ (၇) ရက်နံနက် (၁၀) နာရီက ဇီဝနည်းပညာသုတေသနဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်းက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေရန်၊ သွင်းကုန်အစားထိုး စားသောက်ကုန်ပစ္စည်းများ ဈေးကွက်တွင်ထိုးဖောက်ရောင်းချနိုင်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ရာ တစ်နိုင်တစ်ပိုင်ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရေး ကြိုးစားကြရန် အမှာစကားပြောကြားခဲ့ပြီး ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ အစာအဟာရဆိုင်ရာဓာတ်ခွဲခန်းမှ သင်တန်းမှူး ဒေါက်တာအိဖြူကျော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် အဏုဇီဝဗေဒ ဘာသာရပ်၏ အခြေခံသဘောတရားများ၊ ကျန်းမာရေးအကျိုးပြု ရဲယိုသီး ဖျော်ရည်ပြုလုပ်ခြင်း၊ ရှားစောင်းလတ်ပတ်ဖျော်ရည်ပြုလုပ်ခြင်း၊ ကျန်းမာရေးအကျိုးပြု အဏုဇီဝ ပိုးများကို အသုံးပြု ဒိန်ချဉ်အမှုန့်ပြုလုပ်ခြင်း သင်ခန်းစာများကို ၂၀၂၄ ခုနှစ် အောက်တိုဘာ (၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ (၇) အကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး